Earn free bitcoin Tupac သို့မဟုတ် နာမည် မသေသေးတဲ့ သူရဲကောင်း | ဗမာရက်ပ်

Tupac သို့မဟုတ် နာမည် မသေသေးတဲ့ သူရဲကောင်း





‘‘ အမြဲတမ်းငိုနေခဲ့ရတာကို ကျုပ်မှတ်မိသေးတယ် ။ အရွယ်နဲ့ မမျှတဲ့ကိစ္စ္စကြီးတွေကို မနိုင်မနင်းဖြေရှင်းရင်းနဲ့ပဲ ကျုပ်လူဖြစ်လာခဲ့ရတာဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က ဘ၀ပေါင်းစုံ ကျင်လည်ခဲ့ရတဲ့ကောင်လေ။ သောက်ဖက်လုပ်မဲ့လူ တစ်ယောက်မှမရှိပဲ ကြီးပြင်းခဲ့ရတာဗျ။ ကျုပ်က ရူးသွပ်တဲ့ကောင်ပါ။ ဒါပေမယ့် ဘယ်တော့မှသောက်တလွဲ မလုပ်ဘူးဗျ ’’
2 Pac
ပေတယ်၊ တေတယ်၊ ဘ၀ကြမ်းတယ်ဆိုတဲ့ စကားကို သူနဲ့ သွားမပြောနဲ့။ ခင်ဗျားတို့ ရူးသွားမယ်။ အဲ့ဒီစကားလုံးတွေက သူကိုယ်တိုင်ပဲဗျ။ အဲ့ဒီလူ 2 Pac။ သူ့ဘ၀ ဘယ်ကလာတယ် ထင်လို့လဲ။ သူက လူမဖြစ်ခင် ဗိုက်ထဲမှာ သန္ဓေသားဘဝကတည်းက ထောင်ကျခဲ့တဲ့လူဗျ။ ဖြစ်ပုံက ဒီလို သူ့ရဲ့အမေ Afeni Shakur က The Black Panther Party ဆိုတဲ့ လူမည်းအတိုက်အခံပါတီဝင်။ အဲ့ဒီမိန်းမက 2 Pac ကိုယ်ဝန်ကြီးနဲ့ ထောင်ကျခဲ့တာ။ ဗုံးခွဲမှုနဲ့လေ။ အဲဒီလူတင် မဟုတ်ဘူး။ သူ့ အမေကကို မခေတာ။ 2 Pac လူမှန်းသိတတ်စအရွယ် ရောက်တဲ့အထိဆိုပါတော့။ အဲ့ဒီအချိန်ရောက်မှ ‘‘ ငါ့သား ဒါမင်းအဖေ ဆိုပြီး Legs ဆိုတဲ့ ငနဲကြီးနဲ့ မိတ်ဆက်ပေးတယ်။ 2 Pac က ပေါက်စနလေးပေါ့။ မကြာပါဘူး သူ့အဖေမှန်းသိကာစ လူနဲ့ သူ့အမေကွဲတယ်။ သူ့အမေ Afeni ကလည်း နိုင်ငံရေးသမ ထောင်ထွက် စိတ်ကပြင်းတယ်။ ကွဲလည်းကွဲတယ်။ 2 Pac ကိုတောင် နာမည်ပြောင်းလိုက်တယ်။ Tupac Amaru Shakur ဆိုပြီးတော့။ နာမည်က အမိုက်စားနော်။ Tupac Amaru ဆိုတာက တန်ခိုးကြီးတဲ့ နတ်နဂါး။ Shakur ဆိုတာက ‘‘ ဘုရားသခင် သို့ ချီးမွမ်းခြင်း” ဆိုတဲ့ အာရေဗျစကားလုံး။ လူမည်းဆင်းရဲသားဘ၀နဲ့ လူ့ဘ၀ရောက်လာတဲ့ 2 Pac မှာ အဖေအသစ်ရတဲ့သူကလည်း သူ့အမေနဲ့ တဂိုဏ်းတည်း နိုင်ငံရေးသမား။ သူနဲ့ အမေတူ အဖေကွဲ ညီမလေး Sekyuwa Shakur မွေးပြီး လ သမီးလေးအရွယ် ၊ နှစ်နှစ်သား 2 Pac ။ သူ့ပထွေးတော်လည်း ကားဓါးပြမှုနဲ့ ဂျေးအောင်းသွားပါလေရော။
1981 ။ ဘာလာလာဒေါင်းတဲ့ 2 Pac အမေဟာ ကလေးနှစ်ယောက်လက်ဆွဲပြီး Bronx က ဒုကသည်စခန်းမှာ သွားနေတယ်လေ။ အဲဒီ ဒုက္ခသည်စခန်းမှာတော့ 2 Pac ကို လူမည်းမင်းသားလေး “ Black Prince ” လို့သိကြတယ်။ တခြားတော့ မဟုတ်ဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ပြသနာဖြစ်လွန်းအားကြီးလို့လေ။ အဲ့ဒီလို ရှင်သန်နေထိုင်လို့မကောင်းတဲ့ရပ်ပြစ်ရှစ်ပါးဝင်နေရာမှာ2 Pac ၂ နှစ်သားကနေပြီး ၁၀ နှစ်သားထိ ဒုက္ခတွင်းကို ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားပြီးနေထိုင်ခဲ့တာပေါ့။အဲဒီကလေးက 2 PAC လေ။
2 Pac ၁၀ နှစ်သားမှ စိတ်ဓာတ်မာပြီး ဦးနှောက်ကောင်းတဲ့ သူ့အမေ Afeni ဟာ 2 Pac ရဲ့ ဘ၀ရှေ့ရေးအတွက်တွေးပြီး Baltimove ကို Bronx အိမ်ရာမဲ့ ဒုက္ခသည်စခန်းကနေ လစ်ခဲ့တယ်။ သိတယ် မဟုတ်လား။ ခပ်မာမာပဲ ကလေးနှစ်ယောက်လက်ကိုဆွဲပြီး လစ်လာခဲ့တာ။ 2 Pac ရဲ့ ဘ၀ကို အကြီးအကျယ်ပြောင်းလဲအောင် သူ့အမေက စဉ်းစားပြီး လုပ်ပေးခဲ့တယ်။ အဲ့ဒါကတော့ သူ့သားတော်မောင် လုပ်စားကိုင်စား လူရိုသေ ရှင်ရိုသေ ပညာတစ်ခုတတ်အောင်လို့ မရှိတဲ့ကြားထဲကပဲ Baltivove အနုပညာကျောင်းမှာ ထားခဲ့တယ်။ 2 Pac ကတော့ ကောက်ကာငင်ကာကြီး နိဗာန်ရောက်သလို ဖြစ်သွားတာပဲ။
တောက်မဲ့မီးခဲ တရဲရဲ ဆိုလား။ လူမှန်နေရာမှန်လို့ပဲ ပြောမလား။ 2 Pac ပေါက်စဟာ ကျောင်းရဲ့ အနုပညာအရည်အသွေး ပြပွဲတွေမှာ သူဟာ အတော်ဆုံးကျောင်းသား စာရင်းဝင်ခဲ့တယ်။ လက်လုပ်လက်စား လူမည်းမိသားစုက လူမည်းပေါက်စတွေရဲ့ ထုံးစံအတိုင်း ဆေးပစ်၊ ကားခိုး ၊ သေနတ်ပစ် စတဲ့ အဆင့်တွေနဲ့ 2 Pac ဟာ ဂိုဏ်းစတား ပေါက်စ တစ်ယောက်လည်းဖြစ်ခဲ့တယ်။ 2 Pac က အဲ့လို့ 2 Pac ပေါ့ဗျာ။ ကျောင်းမှာ 2 Pac ဟာ တချိန်မှာ Gangsta Rap လို့ပြောရမယ့် သီချင်းတွေကို ရေးဆိုနေပြီဗျ။
သူက သူ့ရဲ့ လမ်းဘေးသမိုင်းတွေကို Rhyme တွေပြောင်းပြီး 1986 ဂျွန်လမှာ MC New York အမည်အောက်က စရေးခဲ့တယ်။ သူ့ရဲ့ ပထမဆုံး အပျော်ဆုံးအချိန်ပေါ့။ မကြာပါဘူး။ သူ့အမေ Afeni က လာသွားကြမယ်ဆိုပြီး အမေရိကန်ရဲ့အနောက်ခြမ်း ကယ်လီဖိုးနီးယားက Marine City ကို ထပ်ရွေ့တော့တာပဲ။ အမေရိကအရှေ့ခြမ်းမှာ ( East Side ) မှာ ခေတ်တစ်ခေတ်ဖြစ်လာမယ့် Rap သီချင်းတွေ စရေးခဲ့တဲ့ 2 Pac တစ်ယောက်။ အနောက်ခြမ်း (West Side) ကို သူ့သဘောမပါပဲ ပြောင်းခဲ့ရတယ်။ ချက်ချင်းကြီး သိတယ်မဟုတ်လား။ သူ့အမေ Afeni လေ။ အဲ့ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး 2 Pac က ဖြေဖူးတယ်ဗျ။
“ East Side မှာရှိတဲ့ ကျောင်းကနေ West Side ကို ရုတ်တရက်ကြီး ပြောင်းလိုက်ရတာကို ကျုပ် တော်တော်ထိသွားတယ်ဗျ။ အဲ့ဒီကျောင်းက ကျွန်တော် သီချင်းစလုပ်ဖြစ်တဲ့နေရာဗျ။ အဲ့ဒါ ကျွန်တော့် ရဲ့ အစပဲ။
East Coast , West Coast ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ကာလဒေသမှာပဲ ။ 2 Pac တစ်ယောက် West Coast ရောက်ရောဆိုပါတော့။ 2 Pac က ဘာလုပ်မယ်ထင်လဲ။ သူ့ရဲ့ ငယ်ရည်းစားလို့ဖြစ်နေတဲ့ ဆေးပစ်တဲ့အလုပ်လုပ်တာပေါ့။ 2 Pac ရဲ့ ဂိုဏ်းစတားဘ၀က ပိုပြီး ထဲထဲဝင်ဝင် ဖြစ်သွားရောဆိုပါတော့။ West Coast ကိုရောက်ကတည်းက 2 Pac ရဲ့ အမှောင်ကမာ ခရီးစတော့တာပါပဲ။ အဲ့ဒီခေတ်အခါက လမ်းဘေးနေလူမည်းလေးတွေ ရဲ့ ဘ၀လိုပါပဲ။ ပေတယ်၊ တေတယ်၊ ကြမ်းတယ် ။ အဲ့ဒါ 2 Pac ပဲ။
မူးယစ်ဆေး၊ ရဲမှု၊ ဂိုဏ်းကိစ၊ အရှုပ်အရှင်းတွေကြားထဲကပဲ 2 Pac တစ်ယောက် လမ်းဘေးဘ၀နဲ့ ဂိုဏ်းစတား ဘ၀ကနေ သူ့ရဲ့ Rap သီချင်းတွေကို လက်သီးတွေလို ပစ်သွင်းဖို့ 1990 မှာ Digital Underground ဆိုတဲ့ Rap အဖွဲ့ထဲဝင်ခဲ့တယ်။ ကရမလား၊ ဆိုရမလား ဘာလာလာ ဒေါင်းတဲ့ 2 Pac ဟာ အဲ့ဒီအဖွဲ့နဲ့ပေါင်းပြီး East Coast , West Coast ပြဲပြဲစင်အောင်သီချင်းတွေနဲ့ လစ်ခဲ့တယ်။ သူ့ Skill တွေဟာ တဖြည်းဖြည်းနဲ့ ပိုတက်လာခဲ့တယ်။ ထောင်ထဲက ရှစ်ကြိမ်ထွက်လာတဲ့ သူ့ရဲ့ Gangsta Rap အသစ်စက်စက်တွေ တောက်လျှောက်တက်လာခဲ့တယ်။
ကိုယ့်ဘ၀ ကိုယ့်ဆုံးဖြတ်ချက်နဲ့ နဲ့ ရုန်းမှရမယ်ဆိုတဲ့ ဘ၀ပေးအသိကပဲ 2 Pac ကို တွန်းတင်ပေးခဲ့တယ်။ 1991 နိုဝင်ဘာ ၁၂ မှာ Digital Underground နဲ့ လက်တွဲဖြုတ်ပြီး တစ်ကိုယ်တော် Rap ခရီးကို ဒိုးခဲ့တယ်။ သူ့ရဲ့ “ 2 Pacalypse Now” EP (အကြမ်းဖျင်း နှစ်ပုဒ်နဲ့ ငါးပုဒ်ကြားပါတဲ့ ဓါတ်ပြားလတ်) ထွက်ခဲ့တယ်။ လာပါပြီ။ အဲ့ဒီမှာ 2 Pac စဖြစ်တော့တာပဲ။ ထောင်ထဲမှာ သနေတည်ပြီး အိမ်ရာမဲ့ ဒုကသည်စခန်းမှာ လူဖြစ်ခဲ့တဲ့ 2 Pac တစ်ယောက် ရွှေအဆင့်ဝင် ဓါတ်ပြားရောင်းအားအကောင်းဆုံး စာရင်းဝင်ဖြစ်လာခဲ့တယ်။ အဲ့ဒီကာလမှာ 2 Pac ကို လူပိုသိစေခဲ့တာကတော့ “ Breanda’s gatta baby ” သီချင်းဗျ။ မကြာပါဘူး။ လူကျင့်ဝတ်ဖောက်ဖျက်ရမ်းကားမှုနဲ့ 2 Pac တရားစွဲခံရပါတယ်။ ဒေါ်လာ ၁၀ သန်း ဒဏ်ငွေဆောင်ရတဲ့အထိပေါ့။ စုတ်ရော လာဘ်ရော ၀င်တယ်ပဲ ပြောရမလား ။ သူ့ရဲ့ ဘ၀ကို ထပ်ပြီး မြှင့်တင်ပေးနိုင်ခဲ့တဲ့ “ JUICE” ရုပ်ရှင်ကားမှာ ၀င်သရုပ်ဆောင်ခဲ့တယ်။ ဒါရိုက်တာ လုပ်တဲ့ Ernest Dickinson က 2 Pac ကို ခရစ်ယာန်ဘုန်းတော်ကြီးလုပ်ခိုင်းတာဗျ။ လိုက်လည်းလိုက်ပါ့။
၁၉၉၁ ဧပြီ ၁၁ မှာ Ronald Ray Howard ဆိုတဲ့ ၁၉ နှစ်သားလေးရဲ့ ရှေ့နေက 2 Pac ကို တရားစွဲတယ်။ အကြောင်းကတော့ Haward က ကင်းထောက် တပ်သားတစ်ယောက်ကို သေနတ်နဲ့ ပစ်လို့တဲ့။ ဘာဆိုင်လဲလို့ မေးစရာရှိတယ်။ အကြောင်းရှိတယ်ဗျ။ တရားရုံးမှာ အဲ့ဒီရှေ့နေက 2 Pac ရဲ့ “ 2 Pacalypse Now ” Album က အဲ့ဒီကောင်လေးကို သေနတ်ကိုင်ရမ်းကား လူသတ်ချင်တဲ့ လမ်းဘေးဂိုဏ်းစတား တစ်ယောက်ဖြစ်အောင် လှုံ့ဆော်ခဲ့လို့တဲ့။ 2 Pac ရဲ့ Gangsta Rap အစွမ်းပဲပြောမလား။ 2 Pac တစ်ယောက် ရောက်နေကြ တရားရုံးပြန်ရောက်ပေါ့ဗျာ။ အဲ့ဒီလူ 2 Pac ။
အဲ့ဒီကာလမှာပဲ သူ့ရဲ့ ဒုတိယ Album “ Strictly 4 My N.I.G.G.A.2” ထွက်ခဲ့တယ်။ ပလက်တီနမ်အဆင့်ထိရောက်တယ်။ 2 Pac ရဲ အဖမ်းခံလိုက်၊ တရားရုံးရောက်လိုက်၊ ပိုပြီးအောင်မြင်လိုက် ဆိုတဲ့ တစ်နှစ်ထဲမှာ အကောင်းတွေရော အဆိုးတွေရော ပြုံကျလာတာပဲ။ 2 Pac ပဲ ဘယ်ရမလဲ ။ ဂိုဏ်းစတား လုပ်မြဲ၊ မူးယစ်ဆေးသုံးမြဲ၊ သေနတ်ကိုင်ပြီး ရမြဲပဲ။ ဒါတင် ဘယ်ကမလဲ မိန်းမက ရှုပ်သေး။ အဲ့ဒီကာလမှာ သူနဲ့ မိုက်ကယ်ဂျပ်ဆင်ညီမ ဂျက်နက်ဂျပ်ဆင်နဲ့ တွဲပြီး “ Poetic Justice ” ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ကြုံတယ်။ ဂျက်နက်ဂျပ်ဆင်က မိန်းမပွေတဲ့ 2 Pac ကိုကြောက်လို့ H.I.V ပိုးစစ်ပြီးမှ 2 Pac နဲ့ နမ်းတဲ့အခန်း ရိုက်နိုင်မယ်ဆိုပြီး တစခန်းထတယ်။ 2 Pac ကတော အေးဆေးပဲ။ မစစ်နိုင်ဘူးတဲ့။
2 Pac ရဲ့ ဂိုဏ်းစတားစာသားတွေက ကြမ်းလွန်းလို့ အမေရိကန် ၀န်ကြီးချုပ်ကတောင် 2 Pac ရဲ့ သီချင်းတွေဟာ East Coast, West Coast လူမည်းဂိုဏ်း စစ်ပွဲတွေ ပိုပြီးဖြစ်အောင် လှုံ့ဆော်နေတယ်။ ဒီလို သီချင်းတွေ လူအဖွဲ့အစည်းမှာ မရှိသင့်ဘူးတဲ့။ အမေရိကန်လို နိုင်ငံမှာတောင် 2 Pac က အဲဒီလို Gangsta Rapper လေ။
2 Pac ရဲ့ ဂီတဘ၀အပြင်ဘက်က ပေါက်မြောက် သောင်းကျန်းမှုတွေထဲမှာ Oakland ရဲအရာရှိ နှစ်ယောက်ကို ထိုးကြိတ်ရိုက်နက်တဲ့ အမှုအတွက် လျော်ကြေး အမေရိကန်ဒေါ်လာ ၄ သောင်း ၂ ထောင် ဒဏ်ကြေးဆောင်ရမဲ့ အမှုနဲ့ Atlanta ရဲအရာရှိနှစ်ယောက် သေနတ်နဲ့ ပစ်တဲ့အမှုကလည်း သမိုင်းဝင်ခဲ့ပါတယ်။ အစောကြီးကတည်းကမှ FBI ရဲ့ လူမည်းဒုစရိုက်ခေါင်းဆောင် စာရင်းဝင်အဖြစ် စောင့်ကြည့် စုံစမ်းခံနေရတဲ့ 2 Pac ဟာ အခုလို ရပ်ကျော်ရွာကျော် အမှုတွေကြောင့် ပိုပြီး စောင့်ကြည့်ခံခဲ့ရပါတယ်။ အဲ့ဒီအမှုနှစ်ခုကြောင့် 2 Pac ဟာ လူမည်းလူမျိုးရေး တော်လှန်လှုပ်ရှားသူ ဒါမှမဟုတ် FBI ရဲ့ အရေးကြီး ရာဇ၀တ်သား ဖြစ်ခဲ့ရပါတယ်။ တဖက်ကလည်း East Coast , West Coast နဲ့ နယ်မြေနှစ်ခုရဲ့ Rapper ဂိုဏ်းတွေ ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းမှာ 2 Pac နဲ့ Notorious BIG တို့ရဲ့ တစ်ယောက်ကိုတစ်ယောက် သတ်ပြစ်ချင်လောက်အောင် မုန်းတီးခြင်းကလည်း ပိုပြင်းထန်လာခဲ့ပါတယ်။
1996 စက်တင်ဘာ 7 ရက်နေ့ညမှာ 2 Pac ဟာ သူ့ဘော်ဒါ Mike Tyson နဲ့ Broce Seldon တို့ ရဲ့ လက်ဝှေ့ပွဲကို Suge Knight နဲ့အတူ သွားကြည့်ပြီး အပြန်လမ်းမှာ သူတို့တွေရဲ့ အပိုင်လိုဖြစ်နေတဲ့ Club 662 ကို ရွေ့ခဲ့ပါတယ်။ Knight ရဲ့ BMW 750i L sedan ကားကြီးနဲ့ပေါ့။ အဲ့ဒီကို သွားနေတဲ့လမ်းမှာပဲ Maxim Hotel ရှေ့မှာ ဆော်လေးနှစ်ဗွေ တွေ့တော့ Club ကို လိုက်ဖို့ စည်းရုံးပြီး တော်ကီတွေ ခြွေနေပါတယ်။ အချိန်က ည 11 နာရီ 15 မိနစ် လောက် ရှိပါပြီ။ အဲ့ဒီအချိန်မှာ တံခါးလေးပေါက်နဲ့ နောက်ဆုံးပေါ် အဖြူရောင် Cadillac ကား တစ်စီးက သူတို့ကားရဲ့ ညာဘက်မှာ ၀င်ရပ်ပြီး ကားတံခါးကို ဖွင့်ကာ 2 Pac နဲ့ Knight ကို သေနတ်နဲ့ 13 ချက်ပစ်ခဲ့ပါတယ်။ Knight ကတော့ ခေါင်းကို ရှပ်မှန်ခဲ့ပေမယ့် 2 Pac ဆိုတဲ့ Rapper ဘိုးအေကြီးကတော့ ရင်ဘတ်၊ လက်မောင်း၊ ပေါင် တို့ကို လေးချက်တိတိ ထိထိမိမိ မှန်ခဲ့ပါတယ်။ အဲ့ဒီလိုပစ်ခတ်မှုတွေအပြီးမှာ 2 Pac နဲ့ Knight ကို ဆေးရုံပို့ခဲ့ပါတယ်။ အဲ့ဒီလူ 2 Pac မာပါတယ်။ ဆေးရုံးရောက်ပြီး တစ်ပတ်အကြာ စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၃ စကန့် (1996) မှာ အသက်ထွက်သွားခဲ့ပါတယ်။ Hip Hop လောကရဲ့ ဦးဆောင်သူ သူရဲကောင်းတစ်ယောက်လို အားလုံးသတ်မှတ်ကြတဲ့ 2 Pac ဆိုတဲ့ အဲ့ဒီလူ ဘယ်သူပစ်မှန်းမသိတဲ့ ကျည်ဆန်တွေကြောင့် 25 နှစ်မှာ ဆုံးပါးခဲ့ရပါတယ်။ အဲ့ဒီလူ 2 Pac သူ့အတွက်မဟုတ်တောင် Hip Hop လောကအတွက် ထွက်သွားတာ စောလွန်းပါတယ်။

0 comments:

Post a Comment