နိုင်ငံရေး ဟစ်ပ်ဟော့ပ် ဆိုသည်မှာ ၁၉၈၀ ခုနှစ်များတွင် ပေါ်ပေါက်ခဲ့သည့် ဟစ်ပ်ဟော့ပ် အမျိုးအစား တစ်ခုဖြစ်သည်။ လှုပ်ရှားဆောင်ရွက်မှုများ လုပ်ဆောင်ရန် ရက်ပ်ဂီတမှ တစ်ဆင့်
တိုက်တွန်းမှု ဖြစ်သည်။ နာမည်အကျော်ကြားဆုံး အဖွဲ့ကို ပြောပါဆိုလျှင် Public Enemy ကိုပြောရပါမည်။ နိုင်ငံရေး ဟစ်ဟော့ပ်သည် အခြားနိုင်ငံရေး အဖွဲ့အစည်းများကဲ့သို့ နောက်ခံဒဿန ကြီးကြီးမားမား မရှိချေ။
နိုင်ငံရေး ဟစ်ပ်ဟော့ပ်ကို
(ConscoiususHipHop )လူမှုရေးအသိရှိသော
ဟစ်ပ်ဟော့ပ်ဟုလည်း ခေါ်ကြသေးသည်။
လွှမ်းမိုးနေဆဲ၊ ကျင့်သုံးနေဆဲ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ အတွေးအမြင်နှင့် စီးပွားရေးဆိုင်ရာ အယူအဆများကို မေးခွန်းထုတ်သည့် ဟစ်ဟော့ပ်လည်း ဖြစ်သည်။
လူမှုရေးအသိရှိသော ဟစ်ပ်ဟော့ပ်မှာ နိုင်ငံရေး ဆန်လွန်းခြင်းမရှိ။ လူမှုရေး အသိရှိသော ဟစ်ပ်ဟော့ပ်တွင် အကြမ်းဖက်မှုတွေ အကြောင်းပါမည် ။ ယဉ်ကျေးမှု အကြောင်းပါမည်။ သာမန်လူများ၏ နေ့စဉ်ဘ၀အကြောင်းများ ပါဝင်မည် ဖြစ်သည်။ အယူအဆတစ်ခုခုကို နားထောင်သူ လက်ခံသွားအောင် တရားမဟောကြ။ နားထောင်သူက သူ့ဖာသာသူ တွေးဆလာအောင် လုပ်တတ်ကြသည်။
လူမှုရေး အသိရှိသော ဟစ်ပ်ဟော့ပ်ပေါ်ခါစ ၁၉၈၀နှင့် ၉၀ ခုနှစ်များတွင် နိုင်ငံရေးသမားများက သူတို့ကို လစ်လျူရှုခဲ့ကြသည်။ ရက်ပ်ဂီတ ဆိုသည်မှာ အမေရိကန် တန်ဖိုးများကို ဖျက်ဆီးနေသည့် အရာဟုပင် ပြောဆိုခဲ့ကြသည်။ ၁၉၉၂ ခုနှစ်တွင် ယင်းအချိန်က အမေရိကန် ဒုတိယသမ္မတ ဒန်ကွေးက ရက်ပ်ပါတူပက်ရှာကာ၏ 2Pacalypse အယ်လ်ဘမ်သည် အမေရိကန်ဂီတအတွက် အရှက်ရစရာကောင်းသော ပြန်လည်ရုပ်သိမ်းရန် ဖြန့်ချိရေး ကုမ္ပဏီကို တောင်းဆိုခဲ့သည်။
တက္ကဆပ် ပြည်နယ်ရှိ လူငယ်တစ်ဦးက Tupac ၏ အယ်ဘမ်ကို နားထောင်ပြီးနောက် စိတ်တက်ကြွကာ
ပြည်နယ် အစောင့် တပ်သားတစ်ဦးကို ပစ်ခတ်ခဲ့ပြီးနောက်
ဒုတိယသမ္မတ က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ တူပက်ကိုယ်တိုင်သည် လူမျိုးရေးခွဲခြားမှု၊
ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုနှင့် ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုများကြောင်းကို သီဆိုခဲ့သူ ဖြစ်သည်။
ယနေ့မှာတော့ ဟစ်ပ်ဟော့ပ်ဂီတသည် အမေရိကန် ယဉ်ကျေးမှု၏ တစ်စိတ် တစ်ပိုင်း ဖြစ်နေပြီ ဖြစ်သည်။
ဝါရှင်တန်ပို့စ် သတင်းစာက ပင် ဟစ်ပ်ဟော့ပ် နားလည်လိုသည့် နိုင်ငံရေးသမားများ အတွက် လမ်းညွှန်ဟုပင် ရေးသားခဲ့သေးသည်။ ဟစ်ပ်ဟော့ပ်ကို မကောင်းဟု ဝေဖန်သည့် နိုင်ငံရေးသမားများ အခက်ကြုံရမည် ဖြစ်သည်။ အများပြည်သူနှင့် ထိတွေ့မှုမရှိဟု အဝေဖန်ခံရမည် ဖြစ်သည်။
နိုင်ငံရေးသမား မိုက်ဟက်ကာဘီးသည် ဘီယွန်းဆေးကို စိတ်အကျဉ်းထောင်ဟု ပြောဆိုခဲ့သည့် အတွက် အများပြည်သူ၏ ပြင်းပြင်းထန်ထန် ရှုပ်ချခြင်းကို ခံခဲ့ရသည်။ ၂၀၀၈ ခုနှစ်တွင် ဘားရက် အိုဘားမားသည် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရရှိရေး မဲဆွယ် စည်းရုံးစဉ် အတွင်း ရက်ပပါဂျေဇီး၏ သီချင်းစာသား တစ်ခုကို ကိုးကားရွတ်ဆိုပြခဲ့သဖြင့် မဲဆွယ်ပွဲ တက်ရောက်သူများ၏ သောင်းသောင်းဖြဖြအားပေးခြင်းကို ခံခဲ့ရသည်။
ဟစ်ပ်ဟော့ပ်နှင့် ပတ်သက်လျှင် ပါတီနိုင်ငံရေး ကွဲပြားခြင်း မရှိသေး။ ရီပတ် ဘလီကန် အထက်လွှတ်တော် အမတ် မာကိုရူဘီယိုသည် တူပက်နှင့် ဂန်းစတားရက်ပတို့ကို အားပေးသူ ဖြစ်သည်။ ရက်ပါများသည် သတင်းထောက်များနှင့် တူကြောင်း၊ လူဆိုးဂိုဏ်းများ အချင်းချင်း တိုက်ခိုက်မှု၊ လူမျိုးရေး တင်းမာမှုနှင့် ဆင်းရဲမွဲတေမှုများကို သီချင်းလုပ်ဆိုနေကြသူများ ဖြစ်ကြောင်း ရူဘီယိုက ပြောဆိုခဲ့သည်။ နာမည်ဆိုးဖြင့် ကျော်ကြားသော ဒိုနယ်ထရမ့်ပင်လျှင် ရက်ပ်ပါ မက်မေလာ ၏သီချင်းအပါအ၀င်
ရက်ပသီချင်းတချို့မှ စာသားများကို ကိုးကားပြခဲ့ဖူးသည်။
သို့သော် ဟစ်ပ်ဟော့ပ် အကြောင်း ပြောမည်ဆိုလျှင်လည်း သတိထား ပြောရပေမည်။ စာမျက်နှာ တစ်ခုတည်းတွင်
ဟစ်ပ်ဟော့ပ်ဂီတ၏ အသံနှင့် ဒေါသတို့ကို ဖမ်းဆုတ်ဖော်ပြနိုင်ဖို့ မလွယ်။ ထို့ပြင်ဟစ်ဟော့ပ်၏ အကျိုးဆက်များနှင့် ပတ်သက်၍လည်း ငြင်းခုံနေကြဆဲ ဖြစ်သည်။
ဆင်းရဲမွဲတေမှုနှင့် တရားမှုတို့ကို တိုက်ဖျက်ရေးတို့တွင် အသုံးချနိုင်သည့် ယာဉ်တစ်စင်း ဖြစ်နိုင်လာနိုင်သလားဟု
ဟစ်ပ်ဟော့ပ်ဆမ်းမစ် လှုပ်ရှားမှု အဖွဲ့က မေးခွန်းထုတ်သည်။
ဒါမှမဟုတ် ဟစ်ပ်ဟော့ပ် ဆိုသည်မှာ ဒေါသကြီးနေပြီး လူမည်းများ ဘ၀ပျက်နေမှုကိုသာ အဓိကထား ဖော်ထုတ်နေသည့် ဂီတပုံစံတစ်ခုလားဟု မေးခွန်းထုတ်မှုများလည်း ရှိနေသည်။
လူတွေက ဟစ်ပ်ဟော့ပ်ကို သိပ်အလေးအနက် ထားလွန်းနေသည်ဟု မန်ဟတ်တန် အင်စတီကျုမှ သုတေသန ပညာရှင် ဂျွန်မက်ဝိုတာက ဆိုသည်။ မက်ဝိုတာသည် All About the Beat: Why Hip-Hop Can't Save Black America ဆိုသည့် စာအုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ ဟစ်ပ်ဟော့ပ်ကြောင့် လူငယ်များ ပျက်စီးသွားစရာ မရှိသလို ဟစ်ပ်ဟော့ပ်ကြောင့်လည်း လူမည်း အမေရိကန်များ၏ ဘ၀တိုးတက် ကောင်းမွန်လာစရာ မရှိကြောင်း သူကဆိုသည်။
နာမည် အကျော်ကြားဆုံး ရက်ပပါများမှာ ထူးချွန်သည့် ဖျော်ဖြေရေးသမားများ ဖြစ်ကြကြောင်း သူက ပြောသည်။
မြို့ပြနေ ဆင်းရဲသား လူမည်းများ၏ ဘ၀အခက်အခဲများကို လူသိရှင်ကြား ဖြစ်အောင် ရက်ပပါများက လုပ်ပေးနိုင်ခဲ့သည်။
ရက်ပပါလီလ်ဝိန်း က လူမည်းကိုးဦးလျှင်တစ်ဦးထောင်ကျနေတယ်၊ ဒီကောင် တစ်ကောင်ကို ထောင်ချဖို့ အတွက် သုံးတဲ့ငွေကို ဒီကောင်ရဲ့ညီ သို့မဟုတ် ညီမငယ်ကို ကောလိပ် ပို့လို့ရတယ်ဟု သီဆိုခဲ့ဖူးသည်။
လီလ်ဝိန်းသည် အမှန်တရားကို သီဆိုနေကြောင်း အမျိုးသား ဟစ်ဟော့ပ်ကွန်ဗင်းရှင်း၏ ဥက္ကဌထရွိုင် နကရူမာက ပြောသည်။
သို့သော် လီလ်ဝိန်း ကို သိပ်အလေးအနက် မထားရန် လိအပ်နေပြန်သည်။ လူမည်း အမေရိကန် ကိုးဦးလျှင် တစ်ဦးထောင်ကျနေကြခြင်း မဟုတ်။
အသက် (၂၀) မှ (၃၄) နှစ်ကြား လူမည်းတချို့သာ ထောင်ကျနေခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံသား လူမည်းအားလုံးကို ဆိုလိုခြင်း မဟုတ်ချေ။
ရက်ပ်ဂီတတွင်လည်း စီးပွားဖြစ်ရက်ပ်နှင့် လူမှုရေး အသိရှိသော ရက်ပ်ဆိုပြီး ကွဲနေကြောင်း တချို့က ဆိုသည်။ လီလ်ဝိန်း ကဲ့သို့မဟုတ်ကြောင်း ဟစ်ဟော့ပ် အမာခံ ပရိသတ်များက ပြောကြသည်။ ဟစ်ပ်ဟော့ပ်၏ တော်လှန်ရေးဆန်သော တာဝန်ကို လူမှုရေးအသိ ရှိသော ရက်ပ်ပါများကသာ ထမ်းဆောင်နိုင်မည်ဟု ဆိုကြသည်။
ဖီလာဒယ်ဖီယာမှ The Roots ဆိုသည့် အဖွဲ့ကို
ဥပမာပေး ဖော်ပြကြသည်။ အလုပ်မလုပ်နိုင်ရင် လုမယ်၊ ခိုးမယ်၊ ဒါမှမဟုတ်ရင် ကျွန်တော်နဲ့ ကျွန်တော့် သားသမီးတွေ ငတ်မယ်၊ ကိုယ်လုံးတီးနေရမယ်ဟု အဖွဲ့က သီဆိုခဲ့ဖူးသည်။
ဆန့်ကျင်ကန့်ကွက်မှု၏ အကန့်အသတ်
လူ့အခွင့်အရေး လှုပ်ရှားသူများသည် လူငယ်များနှင့် ဆက်ဆံရန် အတွက် ဂီတနှင့် ယဉ်ကျေးမှုကို အသုံးချနိုင်သောကြောင့် ဟစ်ပ်ဟော့ပ်တွင် နိုင်ငံရေးအရ ထိရောက်သော လက်နက်ရှိနေကြောင်း တချို့က ပြောကြသည်။ ဥပမာပေးရလျှင် ၂၀၀၄ ခုနှစ်တွင် မဲဆန္ဒရှင်များ မှတ်ပုံတင်ရန် အတွက် တိုက်တွန်းသည့် အနေဖြင့် ရက်ပ်ပါပီဒစ်ဒီသည် မဲပေးမလား သေမလားဆိုသည့် လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သည်။
နယူးယောက်စီးတီးရှိ စာသင်ကျောင်း ရန်ပုံငွေမှ ဒေါ်လာသန်း (၃၀၀) ကို ဖြတ်တောက်မည့် အစီအစဉ်ကို HSAN အဖွဲ့က ဦးဆောင် ကန့်ကွက်ခဲ့သည်။ ဖြတ်တောက်မှု မရှိဘဲ ပြီးဆုံးခဲ့သည်။ HSAN က ဒါကို အောင်မြင်မှုကြီးဟု ခေါ်ခဲ့သည်။ သို့သော် ဒီဖြစ်ရပ်ကို ကြည့်ရုံဖြင့် ဟစ်ပ်ဟော့ပ်ဖြင့် ကမ္ဘာကြီး ကိုပြောင်းလဲလို့ ရမည်ဟု တစ်ထစ်ချ မှတ်ယူလို့ မရချေ။
ဒေါ်လာသန်း (၃၀၀) ဆိုသည်မှာ နယူးယောက် စီးတီးက ကျောင်းများအတွက် အသုံးပြုနေသော ငွေပမာဏ၏ သေးငယ်သော အစိတ်အပိုင်းသာ ဖြစ်သည်။ နိုင်ငံရေး ပြောင်းလဲမှု ဆိုသည်မှာ ခက်ခဲကြမ်းတမ်းသော လုပ်ဆောင်မှု ဖြစ်ပါသည်။
မြန်မာဟစ်ပဟော့ပ် နိုင်ငံရေးဆန်လား
၁၉၉၀ ခုနှစ်များတွင် ရနကုန်မြို့ရှိ ဆယ်ကျော်သက် အုပ်စု တစ်စုသည် အမေရိကန် ဟစ်ဟော့ပ်ကို အစွဲလမ်းကြီး စွဲလမ်းသွားခဲ့သည်။ သူတို့သည် ခေတ်မီချင်သည်။ နိုင်ငံတကာအကြောင်း သိချင်သည်။ ဟစ်ဟော့ပ်က ဒါတွေအားလုံးကို ကိုယ် စားပြုနေသည်။ နည်းပညာပါသည်။ လူနေမှုပုံစံပါသည်။ ဖွံ့ဖြိုးမှု နောက်ကျနေသော သူတို့နိုင်ငံက မပေးနိုင်သည့် အနုပညာသစ်တစ်ခု ပါဝင်နေသည်။
ယင်းအချိန်က မြန်မာခေတ်ပေါ်ဂီတကို ရော့ခ်အန်ရိုးကသာ ကြီးစိုးနေသည်။ ရော့ခ်သီချင်းများမှာ အလွမ်းနှင့် အချစ်သီချင်းများသာ ဖြစ်ကြသည်။ ဟစ်ဟော့ပ် အဆိုတော်လေးများ ဖြစ်လာမည့် ယင်းဆယ်ကျော်သက်များက ရော့ခ်သီချင်းများသည် လက်တွေ့မကျဘဲ စိတ်ကူးယဉ်ဆန်သည်ဟု ယူဆခဲ့ကြသည်။ သို့သော် အမှန်တရား၊ အဖြစ်အမှန်နှင့် နိုင်ငံရေးကဲ့သို့ စကားလုံးများနှင့် ဆက်စပ်သော လက်တွေ့ ဘ၀အကြောင်းများကို ဖော်ထုတ်ရန်မှာမူ ယင်းအချိန်တွင် စစ်အစိုးရက အုပ်ချုပ်နေသောကြောင့် မလွယ်ကူခဲ့ကြ။
အမျိုးသားဂီတသည်သာ စစ်မှန်ပြီး ကြီးကျယ်မြင့်မြတ်သည်ဟု စစ်အစိုးရက ထုတ်ဖော်နေသောကြောင့် အမေရိကန် ဟစ်ဟော့ပ်ကို မြန်မာပုံစံပြောင်းခြင်းသည် တော်လှန်ရသော လုပ်ရပ်တစ်ခုဖြစ်ခဲ့သည်။ ပါတီများ ကျင်းပခြင်းသည် မြန်မာယဉ်ကျေးမှုနှင့် ဖီလာကြောင်း ရတ်ပါများ သတိပေးခံခဲ့ရသည်။ ၂၀၀၀ ခုနှစ်မှာတော့ ဇေယျာသော် (ယခုလွှတ်တော်အမတ် ဦးဇေယျာသော်) ပါဝင်သော အက်ဆစ်အဖွဲ့ နာမည်ကျော်ကြားလာခဲ့သည်။
နောက်ပိုင်းတွင် အခြားလူငယ်များကလည်း အက်ဆစ်၏ခြေရာကို နင်းခဲ့ကြသည်။ လူငယ်များ၏ နေ့စဉ် ဘ၀အကြောင်းကို ထုတ်ဖော်ရာတွင် ဟစ်ဟော့ပ်က လက်နက်တစ်ခု ဖြစ်လာခဲ့သည်။ သို့သော် သူတို့အဓိကထား ပြောနိုင်သည်က ဆက်စီ မိန်းကလေးများ အကြောင်းသာ ဖြစ်ခဲ့သည်။ သာမန် လူတန်းစားများ ဆင်းရဲမွဲတေနေပုံ၊ ဘ၀များနစ်မွန်းနေပုံများကို ဖော်ပြနိုင်ခြင်းမရှိခဲ့။
ခေတ်အခြေအနေအရ စစ်အစိုးရသည် သတင်းကောင်းကိုသာ ကြားချင်ခဲ့သည်။ ဂီတလုပ်ငန်းများက လည်း လူငယ်အနုပညာရှင်များကို အလေးအနက် မထားခဲ့။ နာမည်ကျော် အစောပိုင်းရတ်ပါ တစ်ဦးက ရတ်ပါများသည် သရုပ်ပျက်များသာ ဖြစ်ကြောင်း အပြောခံခဲ့ရသည်ဟု ပြောဆိုခဲ့သည်။
ဟစ်ဟော့ပ်ဂီတကို ထုတ်ချင်တိုင်း ထုတ်ပြန်ခွင့် ရရှိခဲ့သည်တော့ မဟုတ်။ ဆင်ဆာအဖွဲ့က အက်ဆစ်၏ အယ်လ်ဘမ် ပထမဆုံးအကြိမ် တင်ပြမှုကို ပယ်ချခဲ့သည်။ အနုပညာရှင်များသည် သီချင်းတချို့ကို ဖယ်ထားခဲ့ရသည်။ စာသားများကို ပြန်ပြင်ခဲ့ရသည်။ နောက်ဆုံး လက်ခံလာဖို့ အတွက် အကြိမ်ထောင်သောင်းချီ ပြန်ပြင်ခဲ့ရသည်။ နောက်ဆုံး ထွက်ရှိသည့် အခွေမှာ မြန်မာစံနှုန်းနှင့် တွက်လျှင် တော်လှန်ရေး ဖြစ်ခဲ့သည်။
ဒုတိယမျိုးဆက် ပေါ်လာခဲ့သည်။ ဂျေး-မီနှင့် ဆိုင်ကလုန်းကဲ့သို့ လူငယ်ဂီတသမားများက လူငယ်များ၏ နေ့စဉ်ဘ၀တွင် သုံးသော စကားကို သုံးစွဲရမည်ဟု ဆိုကြသည်။ သူတို့သည်လည်း ဆင်ဆာအဖွဲ့နှင့် တိုက်ပွဲဝင်ခဲ့ရပြန်သည်။
သိပ်မကြာလိုက် ဟစ်ဟော့ပ်သမားများကြား အကွဲအပြဲ ပေါ်လာခဲ့သည်။ ဟစ်ဟော့ပ်ကို အဖြစ်အမှန်တရား အပေါ် အခြေခံရမည်ဟု တချို့က ဆိုခဲ့သည်။ ကျန်တချို့ကလည်း ဖျော်ဖြေဖို့ တာဝန်သာ ရှိသည်ဟု တုံ့ ပြန်သည်။ တကယ့် ဟစ်ဟော့ပ်သမားများဟု ကိုယ့်ကိုယ်ကိုယ် ပြောနေသူများ ကလည်း ဟစ်ဟော့ပ် ဆိုသည်မှာ ဂီတချည်းသာမဟုတ်။ ယဉ်ကျေးမှုလည်း ဖြစ်သည်။ လူနေမှုပုံစံလည်း ဖြစ်သည်ဟု ဆိုကြသည်။
အမှန်တရားနှင့် လက်တွေ့ဘ၀၊ ပုဂ္ဂလိကစံနှုန်းများနှင့် လွတ်လပ်ခွင့်တို့ ဆိုသည့် ဟစ်ဟော့ပ် တန်ဖိုးနှုန်းစံများကို သူတို့၏ ဘ၀တွင်လည်း ကျင့်သုံးနေထိုင်ရမည်ဟု မှတ်ယူခဲ့ကြသည်။ ယင်းစံနှုန်းများသည် မိဘများနှင့် စစ်အစိုးရတို့ကို ဆန့်ကျင်ကြောင်း ထုတ်ပြန်သည့် လွတ်လပ်ရေး ကြေညာစာတမ်း ဖြစ်ခဲ့သည်။ ဟစ်ဟော့ပ်သမား တစ်ဦး ရင့်ကျက်ခြင်း ဆိုသည်မှာ ဆင်ဆာအဖွဲ့ ရှိနေခြင်းကို နားလည်ခြင်း ဖြစ်ကြောင်း ဂီတသမားတစ်ဦးက ပြောသည်။ သို့သော် ဆင်ဆာအဖွဲ့သည် စာသားအားလုံးကို စစ်ဆေးနိုင်ခြင်း မရှိသောကြောင့် ထွက်ပေါက် အနည်းငယ်ရခဲ့ကြောင်း သူကပြောသည်။
ဟစ်ဟော့ပ်သမားများ ထောင်ချခံရသည်ဟု သတင်းများလည်း ရှိခဲ့သည်။ သို့သော် ဇေယျာသော် တစ်ဦးတည်းသာ နိုင်ငံရေးအကျဉ်းသား အဖြစ် ထောင်ဒဏ်ကျခံခဲ့ရသည့် တစ်ဦးတည်းသော ဟစ်ဟော့ပ်ဂီတသမား ဖြစ်ကြောင်း ပြောဆိုမှုများ ရှိနေပြန်သည်။ ဟစ်ဟော့ပ်၏ ရှုထောင့်အများစုတွင် အာဏာကို ဘယ်သူက ချုပ်ကိုင်သည်၊ အမိန့်ကို ဘယ်သူပေးသည် ဆိုသည့် စစ်အစိုးရ၏ စံနှုန်းများကို စိန်ခေါ်မှုများ ပါဝင်ခဲ့သည်။ အရာရာကို ဖိနှိပ်ထားသော အခြေအနေတွင် လွတ်လပ်မှုလေး နည်းနည်းလောက်ရအောင် လုပ်ဆောင်ခဲ့ကြသောကြောင့် မြန်မာဟစ်ဟော့ပ်သည် နိုင်ငံရေးဆန်ကြောင်း ဟစ်ဟော့ပ်ဆိုင်ရာ ကျွမ်းကျင်သူဝ့ါဒ် ကီးလာက သုံးသပ်သည်။
ယခုအချိန်တွင် အရပ်သားအစိုးရ စစ်စစ်အုပ်ချုပ်နေပြီဖြစ်ရာ ဟစ်ဟော့ပ်သည် နိုင်ငံရေးဆန်ပြီး လွတ်လပ်မှု အတွက် ဆက်လက် တိုက်ပွဲဝင်မလား၊ လူမှုရေးအသိရှိပြီး ဆင်းရဲမွဲတေမှု၊ သာမန်လူများ၏ နေ့စဉ်ဘ၀လှုပ်ရှားမှုများကိုပဲ ဦးစားပေးနေမလားက စောင့်ကြည့်ရဦးမည် ဖြစ်သည်။ စစ်အစိုးရကို သိမ်မွေ့စွာ ဆန့်ကျင်ခဲ့သည့် ဟစ်ပ်ဟော့ပ်သည် အရပ်သားအစိုးရ၏ လုပ်ရပ်များကိုလည်း ဝေဖန်နိုင်ပါ့မလားဟုလည်း မေးစရာ ရှိလာပြန်သည်။
အကြီးဆုံး ပြဿနာမှာ အရပ်သား အစိုးရကရော ဝေဖန်မှုများကို လက်ခံနိုင်ပါ့မလား ဆိုသည့် မေးခွန်းဖြစ်သည်
0 comments:
Post a Comment